ရွေးကောက်ပွဲ ကာလတုန်းက တရားမျှတမှုကို မြတ်နိုးတယ်ဆိုတဲ့ ထင်ကြေးပေးပြီး တာမွေ မဲဆန္ဒနယ်မှ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် အမတ်လောင်း ဦးဝင်းမြင့်ဟာ ရွေးကောက်ခံရပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့စဉ်က လူအများထင်ကြေးအတိုင်း ရာနှုံးပြည့်မဟုတ်ခဲ့သော်လဲ အတိုင်းအတာတစ်ရပ်အထိ လက်တွေ့ဆောင်ရွက် ပြနိုင်ခဲ့လို့ အသိမှတ်ပြုရပါတယ်။ အခုအချိန်မှာတော့ အဆိုပါ လွှတ်တော် ဥက္ကဌဟာ မနေ့ ( ၂၈-၃-၂၀၁၈) တုန်းက သမ္မတသစ်အဖြစ် တစ်ခါထပ်ပြီး တင်မြောက်ခံခဲ့ရပါတယ်။

သမ္မတသစ်ကို အပြုသဘောနဲ့ လှိုက်လဲစွာ ကြိုဆိုပါတယ်။ တဆက်တည်းမှာ သမ္မတရာထူးအရှိန်နဲ့ ပင်ကိုယ်သဘာဝတွေ ပျောက်ပြီး စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ရုပ်သေးဖြစ်မှာကိုလဲ စိုးရိမ်မိပါတယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ရယ်လို့ ဂုဏ်ပြုခဲ့ကြတဲ့ အတိုင်အပင်ခံပုဂ္ဂိုလ် ဆိုတဲ့ အနှီပုဂ္ဂိုလ်သည်ပင်လျှင် သူရရှိထားတဲ့ ရာထူးဂုဏ်အရှိန်ကြောင့် စစ်အာဏာရှင်တွေရဲ့ အောက်မှာ ကျွန်သဘောက် ဘ၀ ရောက်ရှိသွားခဲ့ရပါတယ်။

သမ္မတသစ်က သမ္မတအထက်မှာရှိနေတဲ့ အဆိုပါပုဂ္ဂိုလ်ကို ကျော်ပြီး လုပ်ရခက်ခဲမယ်ဆိုတာ နားလည်ထားပါတယ်။ ဒါပေမဲ့ သမ္မတ တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှာပဲ သူဆန္ဒရှိရင် အလွယ်တကူလုပ်လို့ရမဲ့ ကိစ္စ နိုင်ငံတော်နဲ့ ပြည်သူအားလုံးအတွက် အကျိုးရှိမဲ့ကိစ္စ တချို့ကို လုပ်နိုင်တယ်ဆိုတာကို တင်ပြလိုပါတယ်။

(၁) ၁၉၈၈ မှစပြီး စစ်အစိုးရက ဗုဒ္ဓဘာသာကို လမ်းတိုင်မှာအလှူခံတဲ့ သူတောင်းစားဘာသာအဖြစ် ဖန်တီးလာခဲ့တယ်။ ကမ္ဘာအနှံ့တွင် မြတ်ဗုဒ္ဓရဲ့ တရားဓမ္မအတိုင်း လိုက်နာကျင့်ကြံတဲ့ ဗုဒ္ဓဘာသာဝင် သိန်းချီရှိတယ်။ သူတောင်းစားဘာသာအဖြစ် ဖန်တီးခြင်းက မြတ်ဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာကို စော်ကားရာရောက်တယ်။ ဒါကတော့ လမ်းထောင့်တိုင်းမှာ ဓမ္မာရုံတွေ တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ ဓမ္မာရုံတွေဟာ ဆိုရင်လည်း များသောအားဖြင့် ၀ံသာနု ရက္ခိတ အမည်တွေနဲ့ ရှိပါတယ်။

(၂) စစ်အာဏာရှင်တွေက ၂၀၁၀မှ ယနေ့အထိ ၉၆၉ မဘသ ရက္ခိတ ဝံသာနု အမျိုးသားရေး စတဲ့ အကြမ်းဖက်အုပ်စုတွေကို လူနည်းစုတွေအား စိတ်ကြိုက် အကြမ်းဖက်စေလိုတဲ့ ဆန္ဒနဲ့ ဘေးမဲ့လွှတ်ထားတယ်။ အဲဒီအကြမ်းဖက်အုပ်စုတွေကြောင့် မေတ္တာတရားပေါ် အခြေခံတဲ့ ဗုဒ္ဓဘာသာလဲ အကြမ်းဖက်မှုကို အားပေးတဲ့ ဘာသာသာသနာအဖြစ် မှတ်တမ်းတင်စေတယ်။

(၃) စစ်အာဏာရှင်တွေ မိမိတို့လက်နဲ့ ရေးခဲ့တဲ့ ဥပဒေတွေကို သူတို့ရဲ့ ခြေနဲ့ နင်းခြေနေပြီ။ ၂၀၀၈ နာဇီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် မြန်မာနိုင်ငံရဲ့ မည်သည့် ဥပဒေ၌ပင် မပါရှိတဲ့ “ခွဲခြားဆက်ဆံမှု” ကို နိုင်ငံတော်ပေါ်လစီအဖြစ် သတ်မှတ်ထားတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်သူမှန်သမျှကို “သွေးနှော” “ဧည့်သည်” “ကုလား” စတဲ့ အသုံးအနှုံးတွေသုံးပြီး နာဇီတွေက ဂျူးတွေကို ဆက်ဆံသကဲ့သို့ ပြုမူဆက်ဆံတယ်။

(၄) တရားဥပဒေ စိုးမိုးရေးကို တရားဥပဒေနဲ့အညီ လုပ်ဆောင်ရမည့်အစား စစ်အာဏာရူး တချို့နဲ့ ဘာသာရေးအရည်ခြုံ အကြမ်းဖက်အုပ်စုတွေအား စိတ်ကြိုက် လုပ်ခွင့်ပေးထားတယ်။

(၅) နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမြင်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်နေတယ်။ “စစ်ခေါင်းဆောင်တွေကို ICC တင်ရမယ်။ R2P နဲ့ လူနည်းစုတွေကို ကာကွယ်ရမယ် လို့ ထပ်တလဲလဲ ပြောဆိုနေတာ”ကို စစ်တပ်က ပြည်သူ့ခေါင်းပေါ် လွှဲချရန် ကြိုးစားနေကြတယ်။ နိုင်ငံတကာ မီဒီယာအား ဝင်ခွင့်ပေးပြီး ဂျီနိုဆိုဒ်အမှု မကျူးလွန်ကြောင်း သက်သေမပြဘဲ ရိုက်တာ သတင်းထောက်နှစ်ဦးကို ဖမ်းဆီးခြင်းဖြင့် “ဂျီနိုဆိုဒ်လုပ်ခြင်းက နိုင်ငံတော်ရဲ့ လျှို့ဝှက်ဥပဒေ” လို့ ဝန်ခံတယ်။

(၆) ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိ။ ခိုးဝင် ဘင်္ဂလီသာရှိတယ်လို့ ရာစုနှစ်ပေါင်းများစွာ ပြည်သူတွေကို လိမ်လည်လှည့်စားနေပြီး ခုတော့ အဲဒီခိုးဝင်တွေကို ပြန်ခေါ်ဖို့ ပြည်သူဘဏ္ဍာငွေကို သုံးနေတယ်။

(၇) ၂၀၁၂ မှယနေ့အထိ ရိုဟင်ဂျာ ၁၄၀၀၀၀ ကျော်ကို ဒုက္ခသည်စခန်းတွေမှာလည်းကောင်း ဒုက္ခသည်မဟုတ်သူတွေကို နာဇီအကျဉ်းစခန်းတွေမှာလည်းကောင်း ပိတ်လှောင်ထားတယ်။

(၈) ရခိုင်ပြည်နယ်တွင် သာမက ပြည်မမှာရှိတဲ့ မွတ်စလင်တွေလဲ စိစစ်ရေးကဒ်ပြားအတွက် လျှောက်ရင် လူမျိုးနေရာမှာ မရ ရအောင် ဘင်္ဂလီထည့်ပေါင်းတယ်။ ကဒ်ပြားမှာ ဘင်္ဂလီ ပါရင် နယ်စပ်နဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာ ခိုးဝင်လို ဆက်ဆံခံရတယ်။ နှိပ်စက်ခံရတယ်။

အထက်ပါ အချက်တွေအပြင် တခြား ထောင်ချီတဲ့ လုပ်ရပ်တွေကိုလဲ သမ္မတအမိန့်နဲ့ အလွယ်တကူဖြေရှင်းလို့ ရနိုင်ပါတယ်။ ဖြေရှင်းလိုစိတ်ရှိတဲ့ သမ္မတတစ်ဦးအနေနဲ့ တကယ်ဖြေရှင်းခဲ့ရင်လည်း မည်သူတစ်ဦး တစ်ယောက်ကမျှ တားဆီးနိုင်မည်မဟုတ်။ တားဆီးခွင့်လဲ မရှိပေ။

“သမ္မတအထက်မှာ ရှိတဲ့ပုဂ္ဂိုလ်ရဲ့ အမိန့်သာ ပထမ” “သမ္မတအထက်မှာ ရှိတဲ့ပုဂ္ဂိုလ်ရဲ့ အမိန့်သာ ဒုတိယ” “သမ္မတအထက်မှာ ရှိတဲ့ပုဂ္ဂိုလ်ရဲ့ အမိန့်သာ တတိယ”လို့ မှတ်ယူပြီး ရုပ်သေးသမ္မတအဖြစ် မှတ်တမ်းတင်ခံရမည့်အစား မြန်မာ့သမိုင်းရဲ့ စာမျက်သစ်မှာ ဂုဏ်ပြုခြင်းခံရအောင် ဆောင်ရွက်နိုင်ပါစေလို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။

 

Facebook Comments
Comments are closed.

Check Also

စစ်တိုင်းမှူး အပြောင်းအလဲကြောင့် ICC အမှု ပြောင်းလဲသွားမည်မဟုတ်

ဂျီနိုဆိုဒ်တရားခံများအနက် ထိပ်ဆုံးအဆင့်ကို နေရာယူထားသူ မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်​ …