ဒီကနေ့မှာ ထုတ်လွှင်ခဲ့သော BBC သတင်းဌာနမှ အထူးသတင်းထောက် Fergal Keane ၏ မေးမြန်းချက်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်၏ တုန့်ပြန်ဖြေကြားပုံများကို မြန်မာနိုင်ငံ၏ စောင့်ကြည့်လေ့လာသူများက “နောင်တကြီးစွာ ရမိကြောင်း” ၊အချို့ကလည်း “စကားအလိမ္မာသုံးပြီး လွန်လွန်ကဲကဲ မရိုးမသားလုပ်ဆောင်ခဲ့ကြောင်း” ဖေါ်ပြနေကြသည်။ သို့သော် သူမအား ကြည်ညိုနေသူ သန်းပေါင်းများစွာအတွက် အမှန်မြင်ဖို့ ခက်ခဲပါလိမ့်မည်။

ကျနော်တို့ကတော့ ယခုလို အကြံပေးချင်ပါသည်။ ဒီအင်တာဗျူးကို နောက်တစ်ကြိမ် ထပ်မံ ကြည့်လိုက်ပါ၊ အဲဒါမှ အသင့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်များကို နောက်တစ်ကြိမ်ဆက်ပြီး ကြေနပ်နေပါသေးလျှင်၊ ဘီဘီစီ မြန်မာအခြေစိုက် သတင်းထောက် ဂျိုအန်ဖစ်ရှာ၏ အယုံကြည်ကင်းမဲ့နေသည့် ဆေးခါးကြီးတစ်ခွက်ကို အသင် သောက်ဖို့ ပြင်ပါတော့။ သူ့ဘက်က ကြိုးစားပမ်းစား အပင်ပန်းခံပြီး သူမ၏ ထုတ်ပြန်ချက်များကို စိတ်တိုင်းကျ စပါယ်ရှယ် ပယ်ပယ် နယ်နယ် အသေခြာစီစစ် ထားလိုက်ပြီ။ အောင်တွင် သူ၏ ပြောကြားချက်များကို မှန်မမှန် အသေခြာ စစ်ဆေးပါလော့။

Q: (ဖာဂယ်ကိန်း) ပြောင်းလဲမှုကိုပြောရမယ်ဆိုရင် သာမန်ပြည်သူတွေရဲ့ဘဝမှာပေါ့ ၊ တောင်အာဖရိကမှ တွေ့ကြုံခဲ့ရတဲ့ အခြေအနေမျိုးပေါ့၊ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အပြီး အာဏာရလာတဲ့အချိန်မှာ စိတ်တိုင်းမကျဖြစ်တဲ့ အနေအထားမျိုးတွေရှိနေတယ်လို့ ခံစားမိပါသလား? ပြည်သူတွေရဲ့ဘဝတွေပိုမိုကောင်းမွန်ဖို့ ဘာတွေများလုပ်ပေးပြီးပါပြီလဲ?

A: (အောင်ဆန်းစုကြည်) လက်တွေ့ကျကျပြောမယ်ဆိုရင် လမ်းတွေအများကြီးဖောက်ခဲ့တယ်။ ရှင်တို့အနေနဲ့ ဒီလိုလုပ် တာဟာဘာမှ ကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ကောင်းထင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့ဆီမှာ လမ်းတွေ ဟာဘိုးဘွားတွေလက်ထက်ကတည်းက ဖောက်လုပ်ပြီးနေပြီလေ၊ ကျွန်မတို့ဆီမှာတော့ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းတွေဟာ လူတွေအတွက် အများကြီးပြောင်းလဲစေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

မနှစ်ကဆိုရင် ကျွန်မတို့ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲ မှာ အလုပ်အကိုင်ဖန်တီးရေးကို ဦးစားပေးတစ်ရပ်အနေနဲ့ ထားခဲ့တယ်။ တစ်နှစ်အတွင်းမှာ သတိပြုမိတာက ရာသီမရွေးသွားနိုင်တဲ့ လမ်းတွေဖောက် လုပ်နိုင်ရင် ၊ လျှပ်စစ်ဓာတ်အား တွေပိုမို ဖြန့်ဖြူးနိုင်ရင် ပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင်က စတင်ပြီး လုပ်ငန်းတွေလုပ်ကိုင်လာနိုင်ကြမှာ ဖြစ်ပါတယ်၊ ဒီလို ဖြစ်လာတာဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။

A: ဒါပေမယ့် ကျွန်မတို့အနေနဲ့ ကောင်းမွန်အောင်လုပ်နိုင်ခဲ့တဲ့လုပ်ငန်းတစ်ခုကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်အောင်ဆောင်ရွက်နိုင်ခဲ့တာဟာလည်း ပိုပြီး သိသာတဲ့ ဆောင်ရွက်ချက် လို့ထင်ပါတယ်။

—————————
JF မှတ်ချက်၊ “ဖြစ်နိုင်ချေ အားလုံးနီးပါးလောက်ကို ချကြည့်လိုက်ယင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နောက်ဆုတ်သွားတာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ရှိသွားပြီ။ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ ဦးသိန်းစိန် အစိုးရလက်ထပ်ကထက် စစ်ဆင်ရေးတွေ ပိုတိုးလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက ရှိခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ယန္တရားကြီးကို ဖျက်သိမ်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့အတွက် အသစ်တစ်ခုကို ပြန်တည်ဆောက်နေတာ အချိန်ယူနေရတယ်။ တိုင်းရင်းသား လက်နက်ကိုင် တစ်ခုထက်မက၊ ငြိမ်းချမ်းရေး သဘောတူ ချက်ရအောင် ဆွေးနွေးနေရတာဟာ အင်မတန်မှကို ခက်ခဲပြီး ရှုပ်ထွေးလွန်းတယ်။ ဒါပေမဲ့ ကိစ္စရပ်တိုင်းဟာ အခုထိတော့ အကောင်း ဖြစ်မလာသေးဘူး။”

—————–

Q: အစ်မကြီးအနေနဲ့ တပ်မတော် အပေါ်မှာလည်း ထိန်းချုပ်နိုင်မှုမရှိဘူး၊ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း မထိန်းချုပ်နိုင်ဘူး၊ တိုက်ပွဲတွေဖြစ်တဲ့ အခါမှာ သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှု နဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို သူတို့ လုပ်နေကျအတိုင်း လုပ်နေတာကိုရော?

A: သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှုနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို လုပ်ခွင့် မရှိပါဘူး၊

————————-

JF မှတ်ချက်၊ “သူတို့တွေ “လွတ်လွတ်လပ်လပ်” လုပ်ခွင့်ရှိတယ်၊ မရှိဘူးဆိုပြီး မေးနေတာ မဟုတ်ဖူး။ ယုံကြည်ထိုက်တဲ့ စစ်ဆေးသမျှ အားလုံးက အဲဒါတွေ အားလုံးဖြစ်ခဲ့တယ်ဆိုတာ တွေ့ရှိပြီးသား ဖြစ်ပါတယ်။”

————————

Q: လူတွေအများကြီးကပေါ့၊ အစ်မကြီးအပေါ် စာနာစိတ်ရှိတဲ့လူတွေအပါအဝင်ပေါ့၊ လူ့အခွင့်အရေး အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဘာကြောင့်ဒီကိစ္စကို တစ်စုံတစ်ရာမပြောတာလဲ ဆိုပြီးတော့ပေါ့နော်?

A: တစ်စုံတစ်ရာ ပြောဆိုမှုမပြုဘူးဆိုတာ ဘာကိုပြောတာလဲ? ဒီမေးခွန်းမျိုး ယခင် ၂၀၁၃ ခုနှစ် ရခိုင်အရေးကိစ္စ ဖြစ်စဉ်ကလည်း မေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကလည်း သူတို့တွေ့ မေးခဲ့သမျှ ကျွန်မပြန်ဖြေခဲ့တယ်။ ဒါမေမယ့် ကျွန်မဘာမှ မပြောဘဲနေတယ်လို့ပဲပြောကြပြန်ရော။ အဲဒါက ရှင်းပါတယ်၊ ကျွန်မက သူတို့ကြားချင်တဲ့ စကားမျိုးမပြောလို့လေ၊ သူတို့ကြားချင်တာက အသိုက်အဝန်း နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပြီး ပြစ်တင်ဝေဖန်တာကို ကြားချင်တာပါ။
————————————————–

JF မှတ်ချက်၊ ဒီနေရာမှာ “ဒေါ်အောင်ဆန်းစုကြည်”ဟာ ၂၀၁၆ အောက်တိုဘာလကတည်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားလာခဲ့တဲ့ ကိစ္စတွေကို တမင်သက်သက် ရှောင်လွဲပြောနေတာပါပဲ။ သူမ ပြောဖို့ လိုအပ်တဲ့ အဓိက အကြောင်းရင်းက ဗုဒ္ဓဘာသာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းဝိုင်းကြားက ဆက်ဆံရေးဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ အောက်တိုဘာလ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကတော့ နှစ်ဖက်အသိုင်းဝိုင်းရဲ့ ပြဿနာ မဟုတ်ဖူး။

ရိုဟင်ဂျာ စစ်သွေးကြွတွေက နယ်ခြားစောင့် ကင်းစခန်းတွေကို ကြိုးကြားကြိုးကြား ၀င်တိုက်ခိုက်ခဲ့ကြတယ်- အဲဒါကို ရိုဟင်ဂျာ စစ်သွေးကြွတွေကော၊ အရပ်သားတွေ ပါမကျန် အားလုံးရောပြီး စစ်အင်အား အလွန်အကျွံသုံးကာ ဖြိုခွဲနှိမ်နင်းခဲ့ကြတယ်။ အဲဒါကြောင့် ကုလသမဂ္ဂက ဖြစ်ခဲ့ပါ တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်တဲ့ စစ်တပ်၏ အကြမ်းဖက်မှု့တွေကို “ပစ်တင်ရှုံချခြင်း” နည်းနဲ့ သူမ စလို့ရပါတယ်။ ပြီးတော့ ဒါဟာ အဖွဲ့စည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုပါဆိုတာ သေခြာသွားအောင်လို့ စုံစမ်းစစ်ဆေး ဖေါ်ထုတ်ပါ့မယ်လို့ ကတိပေးလိုက်တယ် ဆိုရင်လည်း ပြီးနေတာပါပဲ။

————-

Q: နိုဘယ်ဆုရှင်တွေရဲ့ ပြောခဲ့တဲ့စကားအချို့ကို ကိုးကားပြောချင်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်အား အကြိမ်ကြိမ်အခါခါ အသနားခံပြောကြားခဲ့သော်လည်း ရိုဟင်ဂျာများရဲ့ တန်းတူရည်တူရှိမှု နှင့် နိုင်ငံသားအခွင့်အရေး အပြည်အဝ ရရှိခံစားနိုင်ရေးအတွက် အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် စိတ်ပျက်ရကြောင်း” ၊ ပြီးတော့ “ဒေါ်စုကြည်ဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သတ္တိရှိရှိ၊ လူသားဆန်ဆန် နှင့် သနားကြင်နာမှုနဲ့ အဓိက ဦးဆောင် ရမည့် တာဝန်ရှိကြောင်း၊” အချုပ်အားဖြင့် အစ်မကြီးအနေနဲ့ လူသားဆန်တဲ့စိတ်ဓာတ်ရှိ/မရှိဆိုတဲ့ စမ်းသပ်ချက်ဖြစ်ပြီး အစ်မကြီးအနေနဲ့ ကျရှုံးတယ်လို့ သူတို့ရှုမြင်ကြောင်း၊?

A: ဒါကတော့ သူတို့ရဲ့အမြင်ဖြစ်ပါတယ်။ အမှန်တရားကတော့ ကျွန်မတို့အနေနဲ့ နိုင်ငံတာဝန် စယူတဲ့အချိန်မှာ ပထမဦးဆုံးဆောင်ရွက်ခဲ့တဲ့ကိစ္စက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဆိုတာကို သူတို့ထည့်သွင်းစဉ်းစားမိပါသလာ?။ နိုင်ငံသားဖြစ်ထိုက်သူတွေ နိုင်ငံသားဖြစ်လာစေဖို့ ဆောင်ရွက်ခဲ့တာပါ။ ကျွန်မတို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ စတင်လုပ်ဆောင်ခဲ့ပြီး ဒေသအတွင်းတည်ငြိမ်အေးချမ်းဖို့နဲ့ သဟဇာတမျှတရေးကို ဖေါ်ဆောင်ပေးနေတာပါ။
———————————–

JF မှတ်ချက်၊ “ ဒေါ်အောင်ဆန်းစုကြည် အခုပြောနေတဲ့ နိုင်ငံသား စီစစ်ခြင်း စီမံကိန်းတွေကိုကပဲ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြတာပါ။ နိုင်ငံသား ဖြစ်မဲ့သူအပေါ်မှာ အကြီးအကျယ် ကန့်သတ်ထားချက် တစ်ခုရှိနေတဲ့ ဥပဒေတွေအပေါ်မှာပဲ ပထမဆုံးအနေနဲ့ အခြေခံထားတယ်။ ရိုဟင်ဂျာတွေ အနေနဲ့ ရိုဟင်ဂျာအဖြစ်က စွန့်လွှတ်ရပါလိမ့်မယ်။ ဒါ့အပြင် သူတို့ ပြောသမျှ အပြည့်အ၀ လိုက်နာခဲ့တဲ့ သူတွေတောင်မှ ဒုက္ခသည်စခန်းကထွက်ပြီး လွတ်လွတ်လပ်လပ် ခရီးသွားလို့ မရ သေးပါဘူး။ ”

——-

ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ပြဿနာအတော်များများဟာ အရင်းအမြစ်ရှားပါးမှု နဲ့ အသိုက် အဝန်းနှစ်ခုဟာ သူတို့ရဲ့ ရှေ့ရေးကို စိုးရိမ်ကြောင့်ကြမှုတွေရှိနေပါတယ်။

A: အောက်တိုဘာလမှာ နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်လာတယ်ဆိုတာကို ဘယ်လိုမှစဉ်းစားလို့မရဘူး၊ အဲဒီအချိန်မှာ နိုင်ငံသားစိစစ်ရေး ကိစ္စတွေ၊ IDP စခန်းကလူတွေကို ပြန်လည်နေရာချထားဖို့ ကိစ္စတွေ စတင်ဆောင်ရွက်နေတဲ့ အချိန်ပါ။

————————

JF မှတ်ချက်၊ “ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဟာကို ကိုးကားတယ်ဆိုတာ မရှင်းဘူး- ၂၀၁၂- ခုနှစ်ကတည်း ကနေစပြိး အကြမ်းဖက်မှု့ကြောင့် နေရာပြောင်းရွှေ့ချထားခဲ့ရတဲ့ ရိုဟင်ဂျာတွေကို သူတို့အိမ် သူတို့ ပြန်နေထိုင်ခွင့် ပြု တယ်ဆိုတဲ့ ဘယ်အစီစဉ်မှ မကြားမိသေးဖူး။”

——–

Q: ဒါတွေကိုရှင်းလင်းသွားဖို့အတွက် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ နဲ့ နိုင်ငံတကာ အေဂျင်စီတွေကို လာခွင့်ပြုလိုက်ရင် မကောင်းဘူးလား၊ လာခွင့်ကောပြုမှာလား?

A: ဘာကိစ္စမှ မဖြစ်ခင်ကတည်းက ရခိုင်အရေး ကိစ္စများလေ့လာသုံးသပ်ပေးဖို့ မစ္စတာကိုဖီအာနန်ရဲ့ ကော်မရှင်ကို ဖိတ်ကြားခဲ့တယ်လေ။

A: ဒီလိုလုပ်ခဲ့တာ ကုလသမဂ္ဂကတောင်းဆိုလို့လည်းမဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကမှ ကျွန်မတို့မှာ အချက်လက်ရှာဖွေရေးမစ်ရှင် လိုအပ်တယ်လို့ မပြောခင် ကတည်းက၊ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့ပြီး ကော်မရှင်ကိုဖွဲ့စည်းတယ်။ ရခိုင်ကိစ္စကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရှာဖွေပေးပို့အကူအညီတောင်းခဲ့တယ်။ ကော်မရှင်ကပေးထားတဲ့အကြံပြုချက်တွေကို ကျွန်မတို့ ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အခြေအနေတွေ ဘယ်လိုရှိနေလဲဆိုတာကို သူ့ကို တစ်ခေါက် ပြန်လာပြီး ကြည့်စေချင်ပါတယ်။

——————————

JF မှတ်ချက်၊ “ ကိုဖီအနန်ကို ပေးအပ်ထားတဲ့ တာဝန်က အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု့တွေကို စုံစမ်းစစ်ဆေးဖို့ မဟုတ်ပါဖူး။ သူ့ကို တာဝန်ပေးထားတာက ရှေရှည်ကြည့်ပြီးတော ရခိုင်ပြဿနာကို ရေရှည် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ပဲ။ သူ၏ ကြားဖြတ်အစီရင်ခံစာကို အစိုးရက ကြိုဆိုပေမဲ့ (မီဒီယာတွေကို လွတ်လွတ်လပ်လပ် ၀င်ရောက်သွားလာခွင့်ကဲ့သို့) လက်တွေ့မှာ အနည်းအကျဉ်းသာ အကောင်ထည်ဖေါ်ခဲ့တာ ဖြစ်တယ်။ အောင်ဆန်းစုကြည် ဟာ ကိုဖီအာနန်ရဲ့ လုပ်ပိုင်ခွင့်တွေကို ထပ်တိုးချဲ့လို့ ရပေမဲ့ အခုထိ မလုပ်လာခဲ့ပါဘူး။”

———-

Q: ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ သူတွေကို ပြန်လာဖို့ခေါ်မှာလား၊ ပြန်လာရင် လုံခြုံစိတ်ချရပါတယ်လို့ ပြောမှာလား?
A: သူတို့ပြန်လာရင် လုံခြုံမှာပါ၊

—————————————

JF မှတ်ချက်၊ “ အတော်လေးကို မှားတာပဲ။ ရိုဟင်ဂျာတွေ ထိန်းသိမ်းခံနေရတယ်ဆိုပြီး နေစဉ်နဲ့အမျှ သတင်းတွေက တက်နေသလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သူတို့ ထွက်ပြေးဖို့ ကြိုးစားနေတာတွေ၊ ပြန်လည် အခြေချဖို့ ကြိုးစားနေတာ တွေကိုလည်း ကြားနေရတယ်။ နိုင်ငံပိုင် သတင်းဌာနတွေက သူတို့ကို စစ်သွေးကြွတွေနဲ့ နွှယ်တယ်ဆိုပြီး ခဏခဏ ဖေါ်ပြခဲကြပေမဲ့ ခဏခဏပဲ အထောက်ထား တစ်စုံတစ်ရာ သက်သေပြသနိုင်ခြင်း မရှိပါဘူး။”

————–

ပြန်လာတာ မလာတာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ၊ တစ်ချို့ပြန်လာကြပါတယ်၊ ထွက်သွားတဲ့သူတွေကို ဘာကြောင့် ထွက်သွားတယ်ဆိုတာမေးတော့ သူတို့နေတဲ့ နေရာဒေသတွေမှာ တိုက်ခိုက်မှုတွေဖြစ်လို့ ထွက်ပြေးတာလို့ပြောတယ်။

JF မှတ်ချက်၊ “ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကတော့ တိုက်ခိုက်မှု့ဖြစ်လို့ ထွက်ပြေးလာတယ်ဆိုပြီး သူတို့ ဘယ်တော့မှ မပြောဖူး။ သူတို့ ပြောတာက လုံခြုံရေးတပ်သားတွေက မြင်မြင်သမျှ ရမ်းသမ်းပစ်လို့၊ မုဒိန်းကျင့်လို့ ၊ မဲမဲမြင်သမျှ ဖမ်းလို့၊ အိမ်တွေကို မီးရှို့လို့ဆိုပြီး ထွက်ပြေးလာကြတယ်ပဲ ပြောတာပါ။”

———-

Q: ကျွန်တော်မြင်ခဲ့တော့ ကျွန်တော်ပြောရမှာပဲ။

A: ကျွန်မ ထောက်ပြခဲ့သလိုပဲ အဲဒီမှာ အာဃာတအမုန်းတရားကြီးမားကြပါတယ်။ ယုံကြည်သူတွေကပဲ အာဏာပိုင်တွေနဲ့ ပူးပေါင်းသူတွေလို့ထင်တဲ့ မူဆလင် တွေကို မူဆလင်တွေကပဲ သတ်ဖြတ်နေကြတာလေ။

—————–
JF မှတ်ချက်၊ “ မြန်မာလုံခြုံရေးတပ်သားတွေနဲ့ ပူးပေါင်းလို့၊ သတင်းထောက်တွေကို အကြမ်းဖက်သတ်ဖြတ်မှု့တွေကို မှေးမှိန်သွားအောင် ဖြေလို့ ရိုဟင်ဂျာတစ်ချို့ အသတ်ခံရတယ်ဆိုတဲ့ အထောက်ထားတွေတော့ ရှိပါတယ်။ ဒါပေမဲ့ မွတ်စလင် တွေက မွတ်စလင်တွေကို အကြမ်းဖက်လို့ဆိုတဲ့ အရေတွက်က၊ မြန်မာ့လုံခြုံရေး တပ်သားတွေ နှိပ်စက်ပါတယ်လို့ စွပ်စွဲတဲ့ ပမာဏလောက် နှိုင်းစာရင် မပြောပလောက်ပါဘူး။”

—————

A:ဒါကို လူမျိုးသုဉ်းရှင်းလင်းသုတ်သင်မှုလို့ပြောလို့မရဘူးလေ၊ အဲဒါက တစ်ဖက်နဲ့ တစ်ဖက်ကွာခြားနေတဲ့ အသိုက် အဝန်းကြားမှာ ရှိနေတဲ့ လူတွေအကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ကိစ္စပါ၊ အဲဒီကွာခြားနေမှုတွေကို ကျွန်မတို့က ကြိုးစားပြီး နီးစပ်အောင် လုပ်ပေးနေတာပါ။ အတတ်နိုင်ဆုံး ဒီထက်ပိုပြီး ကွာခြားမသွားဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေတာပါ၊

——————-

JF မှတ်ချက်၊ “ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသိုင်းဝိုင်းနှစ်ခုလို့ ပြောပြီး ထပ်ခွဲပြန်ပြီ။ အောက်တိုဘာလဖြစ်ကတည်း က အကြမ်းဖက်တိုက်ခိုက်မှု့တွေ ဖြစ်ခဲ့တာဟာ ရိုဟင်ဂျာစစ်သွေးကြွတွေနဲ့ လုံခြုံရေးတပ်သားတွေအကြား သက်သက် ဖြစ် ခဲ့တာ၊ အဲဒီနောက်ပိုင်းမှာမှ လုံခြုံရေးတပ်သားတွေနဲ့ ရိုဟင်ဂျာ (စစ်သွေးကြွနဲ့ အရပ်သားတွေ) သက်သက် ထပ်ဖြစ်တာ ပါ။ ဒါကို သူမပြောခဲ့သလို မှားယွင်းပြီး ဂွင်ဆင်နေခြင်းပဲ။”

—————–

Q: နောက်ဆုံးမေးခွန်းပါ၊ ဘာ့ကြောင့် ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အသိုက်အဝန်း နှစ်ခုလုံးနဲ့တွေ့ပြီး ငြိမ်းချမ်းရေးအတွက် တိုက်တွန်းတာမျိုးမလုပ်တာလဲ?

A: ဘာ့ကြောင့်လဲဆိုတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့သူတွေ သူတို့လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ စွမ်းရည် ရှိကြောင်းကို ပြကြဖို့ အခွင့်အလမ်း ပေးထားတာပါ။ ကျွန်မတို့လူတွေလုပ်ကိုင်ဆောင်ရွက်နေတာကို ၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အစွမ်းအစရှိတာကို ယုံကြည်သူ နည်းပါးနေတယ်လေ။

————

JF မှတ်ချက်၊ “ ရခိုင်အရေးမှာ အလုပ်လုပ်နေကြတဲ့သူတွေက အလားလာကောင်းတွေ ဘယ်လောက်ရအောင် လုပ်နိုင်မှာ မို့လို့လဲ၊ အခုထိ အလုပ်မဖြစ်သေးဖူးဆိုတာလည်း သိသာနေတာပဲ။ နိုင်ငံရေးသမားတစ်ယောက်က နေရာတစ်ခုကို သွားလို့ရှိရင် အဲဒီမှာ ရှိတဲ့သူတွေကို ကန့်ကွက်မှာလည်း မဟုတ်ဖူး၊ သူမကို အယုံအကြည်မရှိအဆို တင်သွင်းကြမှာလည်း မဟုတ်ဘူး။ ဒါဟာ ထောက်ခံတဲ့ လက္ခဏာပဲပေါ့။ ဒေါ်အောင်ဆန်းစုကြည်သာ ရိုဟင်ဂျာတွေဆီကို သွားလည်ခဲ့ရင်၊ သူမ ကိုယ်တိုင်က ရိုဟင်ဂျာတွေကို ဂရုစိုက်ပြပါတယ်ဆိုပြီး သြဇာတိက္ကမတောင် ကြီးလာလိမ့်အုံးမယ်။ ဒါပေမဲ့ သူမ ဒီလမ်းကို မရွေးချယ်ခဲ့ပါဘူး ။

JF – Jonah Fisher

မှတ်ချက် ။ Coconuts Yangon website တွင် ဖေါ်ပြပါရှိခဲ့သော BBC Myanmar correspondent fact-checks the heck out of Aung San Suu Kyi ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

 

Facebook Comments

Leave a Reply

Your email address will not be published.

Check Also

Your Responsibility to save Rohingya

World media works its best to share enough facts regarding Rohingya cleansing in Myanmar f…