ဥပဒေအထက်တွင် မည်သူမှ နေ၍မရဘဲ ဥပဒေချိုးဖောက်ပါက ဥပဒေအရ အရေးယူခံရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အရာရှိကြီးများအား ပြောကြားသည်။ မင်းအောင်လှိုင်ကတော့ ဥပဒေကို လိုက်နာစရာ မလို။ သူ့နေရာဆက်ခံမည့်သူကိုမလိုလား။ ကာကွယ်ရေးဦးစီးချုပ်နေရာကို လူမိုက်ဆန်ဆန် ဆက်ယူထားဆဲ။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တောဒေသ၊ အင်းဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပြသနာများကို ဂျီနီဗာကွန်ဗန်းရှင်းနှင့်အညီ တပ်မတော်က ဆောင်ရွက်ခဲ့ပြီး တစ်ဦးချင်း လိုက်နာမှုအားနည်းသည့် အရာရှိ၊ စစ်သည်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

သူ့အပြောအရ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှာ ဂျီနီဗာကွန်ဗန်းရှင်းနှင့်အညီ လုပ်ခြင်းဖြစ်တယ်။ အဲဒီလူသတ်ပွဲကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြား ကွပ်ကဲတယ်။ သူကိုယ်တိုင် ရခိုင်ဒေသသို့ သွားရောက်ပြီး နယ်မြေရှင်းလင်းရေးအမည်နဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းရေးလုပ်မယ့် စစ်သားတွေကို အနီးကပ် ညွှန်ကြားခဲ့တယ်။

အင်းဒင်လူသတ်ပွဲကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကိုလဲ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေအရ ဖမ်းဆီးထားတယ်။ ဥပဒေအရ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်ခွင့်မရှိ။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ အဲဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက နိုင်ငံတော်လျှို့ဝှက်ချက်ပါတဲ့။ နိုင်ငံတကာက ဂျီနိုဆိုဒ်တရားခံတွေကို ICC တင်ရန် စီစဉ်နေတော့ လုံခြူံရေးတပ်ဖွဲ့ဝင် ၇ ဦးကို ထောင် ၁၀နှစ် ချတယ်တဲ့။ အဲဒီ ၇ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးပြီပြောလိုက် သတင်းမှားလို့ ပြောလိုက်နဲ့ ပြည်သူတွေကို လိမ်နေတယ်။ မည်သည့်မီဒီယာကိုမျှ သူတို့နဲ့ပတ်သက်ပြီး သတင်းယူခွင့်မပေး။

“စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်နှင့်အညီ တပ်မတော်သားများသည် စစ်ဘက် ဥပဒေကိုသာမက အရပ်ဘက် ဥပဒေများကိုပါ လိုက်နာကြရသူများ ဖြစ်ကြောင်း၊ ထိုသို့ လိုက်နာနိုင်ရန် ဥပဒေများကို သိရှိကြရမည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်လျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သည်ကို သိရှိရန် လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လျက်ရှိပြီး ပြည်သူလူထုကို စောင့်ရှောက်နေသည့် အဖွဲ့အစည်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း”လည်း မင်းအောင်လှိုင်က ပြောကြားသည်။

ဒါပေမဲ့ မင်းအောင်လှိုင်က အမှန်အတိုင်းထွက်ဆိုတဲ့ ဒုရဲမှူး မိုးရန်နိုင်ကိုတော့ ဥပဒေနဲ့ ဆန့်ကျင်ပြီး အပြစ်ပေးတယ်။ ဥပဒေအရ သမ္မတသာ အာဏာအရှိဆုံးဖြစ်ရပေမဲ့ မင်းအောင်လှိုင်က “ငါမိန့်သလိုနာခံ ငါလုပ်သလိုမလုပ်နဲ့” ပုံစံမျိုးနဲ့ ချုပ်ကိုင်ထားတယ်။ သမ္မတလဲ မင်းအောင်လှိုင်အမိန့်ကိုသာ နာခံရမဲ့သဘောပဲ။

မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင်တွေ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေ ပူးပေါင်းပြီး အစိုးရလုပ်သမျှကို ကန့်လန့်လုပ်တယ်။ လက်နက်အားကိုးနဲ့ ဥပဒေကိုပါ ချိုးဖောက်နေကြတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ငွေကျပ်သိန်း တစ်ထောင့်ငါးရာကျော် အလွဲသုံးစားလုပ်ခဲ့မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူထားသလို ပြည်သူ့ဘဏ္ဍာ ဘီလီယံပေါင်းများစွာကို ခိုးထားတဲ့ စစ်ဗိုလ်ချုပ်တွေကိုလဲ ဥပဒေနဲ့အညီ အရေးယူရမယ်။

 

Comments are closed.

Check Also

ခိုးဝင်ဘင်္ဂလီများ အဖမ်းခံရခြင်း၏ ပဟေဠိဖြစ်နေသော ပုစ္ဆာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ခုံကြီးကျေးရွာ အနောက်ဘက် (၆)မိုင်ခန့်အကွ…