ဦးသိန်းစိန်အစိုးရသည် ကျောက်ဖြူ ရွှေဂက်(စ်)စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ၂၀၁၂ ရခိုင်အရေးကို ဖန်တီးခဲ့သည်။ ရိုဟင်ဂျာတို့အား စနစ်တကျ လူမျိုးတုံးသတ်ဖြတ်ရန်အတွက် နိုင်ငံတကာကိုလည်း ရခိုင်အရေးမှာ လူမျိုးရေးပဋိပက္ခသာဖြစ်သည်ဟု နှစ်ပေါင်းများစွာ လိမ်လည်ပြောဆိုခဲ့သည်။
၂၀၁၂ ဇွန်လမတိုင်ခင်ထိ၊ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ လူဦးရေတစ်သောင်းကျော် နေထိုင်ခဲ့ကြသော်လည်း၊ အစိုးရ၏ လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းကြီးကြောင့် အောင်မင်္ဂလာကို အကျဉ်းစခန်းအဖြစ်သို့ ပြောင်းလဲလိုက်ရသည်။ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု့ကြောင့် လူများစုမှာ အသက်လု ထွက်ပြေးခဲ့ကြရသည်။ ယခုအခါတွင် လူဦးရေ လေးထောင်ဝန်းကျင်လောက်သာ ကျန်ရစ်နေထိုင်နေကြပြီး ၂၀၁၂ မတိုင်မီ အထိ အောင်မင်္ဂလာရပ်ကွက်ရှိ ရိုဟင်ဂျာအများစုမှာ စစ်တွေမြို့၏ မြို့မဈေးကြီး၌ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် အတူယှဉ်တွဲကာ ရောင်းဝယ်ဖောက်ကား အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်။
ရခိုင်တို့နှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်အရောက်တွင် လုံခြုံရေးအကြောင်းပြကာ အစိုးရကိုယ်တိုင် သူတို့အား အပြင်ထွက်ခွင့်၊ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့် ပိတ်ပင်ပြီး အကျဉ်းစခန်းပမာ အောင်မင်္ဂလာရပ်ကွက် အထဲတွင် ပိတ်လှောင်ထားခဲ့သည်။
အစိုးရမှ ရခိုင်ဗုဒ္ဓဘာသာဝင်များသည် လူရိုင်းများဖြစ်ပြီး ရိုဟင်ဂျာတို့အား သတ်ဖြတ်မည်ကို စိုးရိမ် ရသောကြောင့် ထိုသို့ အကျဉ်းစခန်းများ၌ မလွဲရှောင်သာ ပိတ်လှောင်ထားခဲ့ရသည်ဟု အကြောင်းပြသည်။ ဂျော့ဂ်ျဆို့ရော့စ် လာရောက်လည်ပတ်ခဲ့ချိန်တွင် အောင်မင်္ဂလာ အကျဉ်းစခန်းကို ကြည့်ပြီး သူကိုယ်တိုင် နာဇီ အကျဉ်းစခန်းထဲသို့ ရောက်နေသည့်ပမာ ခံစားရကြောင်း ဖွင့်ဟခဲ့သည်။ တခြား နိုင်ငံတကာမှ ခေါင်းဆောင်များ နှင့် သံအမတ်များကလည်း အလားတူ ခံစားရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မည်သို့ဆိုစေ ၂၀၁၂မှစကာ ယနေ့အထိ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဘ၀ဖြင့် စားသောက်နေထိုင် နေကြရရှာပြီး အသက်ရှင်ကျန်နေသူတို့မှာ ၂၀၁၈ ဖေဖော်ဝါရီအထိ ရခိုင်ဗုဒ္ဓဘာသာဝင်တချို့၏ အကူအညီဖြင့် အစားအသောက်များ ဝယ်ယူခွင့် ရရှိခဲ့သော်လည်း ၂၀၁၈ မတ်လမှစပြီး အသစ်ပြောင်းလာသော လုံခြုံရေး ဗိုလ်ကြီးက ထိုသို့ ဝယ်ယူခွင့်ကို လုံးဝခွင့်မပြုတော့ပေ။ NLD အစိုးရက ရိုဟင်ဂျာတို့အား အစာရေစာပြတ်ပြီး မြန်မြန်သေစေလို၍ ထိုသို့လုပ်ဆောင်နေခြင်း ဖြစ်လိမ့်မည်ဟု အကျဉ်းစခန်းနေသူ တစ်ဦးက ရင်ဖွင့်ပြောပြသည်။
အောင်မင်္ဂလာ ရပ်ကွက်ထဲတွင် နေထိုင်သူတို့မှာ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့် မရရုံမျှမက အလှူ ရှင်များက စေတနာဖြင့် လာရောက်လှူဒါန်းကြသော အစားအသောက်များကိုပါ ဝင်ခွင့်မပေးတော့ချေ။ ဤသည်ကား နိုင်ငံတော်ကို အုပ်ချုပ်နေသော ဗုဒ္ဓဘာသာဝင် လူတစ်စု၏ လူမဆန်စွာသော ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်နေသည့် လုပ်ရပ်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါတော့သည်။

အောင်မင်္ဂလာအကျဉ်းစခန်းရှိ ရိုဟင်ဂျာတို့၏ အစာရေစာဖြတ်တောက်ရေးကို စနစ်တကျ တာဝန်ယူ လုပ်ဆောင်နေသော အမှတ် ၁၂ ရဲတပ်ရင်းမှ နာဇီဗိုလ်ကြီး (ဓါတ်ပုံ – AAS)